ကျွန်တော့် ဘလော့လေးတွင် တခြားသော နည်းပညာ ဆိုဒ်များမှ ပို့စ်များအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသောကြောင့် ပို့စ်ပိုင်ရှင်များ ရောက်ရှိလာသည်ရှိသော် အပြစ်တော်မယူပဲ နည်းပညာ မျှဝေသည့်အနေဖြင့် ဖြန့်ဝေခြင်းဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန်

Thursday, September 11, 2014

LG G3


ပထမဆုံးအနေနဲ့ မီးမောင်းထိုးပြ ရမှာကတော့ G3 ရဲ့ မျက်နှာပြင် အရွယ်အစားနဲ့ ပုံထွက်နှုန်းပါပဲ။ ၅.၅ လက်မအရွယ် မျက်နှာပြင်ဟာ Galaxy Note 3 နဲ့ ဆတူဖြစ်ပြီး Galaxy S5 နဲ့ HTC One M8 တို့ထက် ကြီးမားပါတယ်။ G3 ရဲ့ မျက်နှာပြင် ပုံထွက်နှုန်းဟာ 2560 x 1440 pixel ရှိပါတယ်။ ဒါဟာ စမတ်ဖုန်းလောကမှာ လွန်စွာထူးခြားတဲ့ ခြေလှမ်းသစ်ပါပဲ။ ဒ့ါအပြင် G3 ရဲ့ ၅.၅ လက်မအရွယ် qHD မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆဟာ စံချိန်တင် 540 ppi ရှိပါတယ်။ ပုံထွက် သိပ်သည်းဆ 432 ppi နဲ့ 441 ppi အသီးသီးရှိတဲ့ ၅.၁ လက်မအရွယ် Galaxy S5 နဲ့ ၅ လက်မအရွယ် HTC One M8 တို့ကို အဝေးတစ်နေရာမှာ ချန်ထားခဲ့ပါပြီ။

LG ရဲ့ အဆိုအရ ဒီပုံထွက်သိပ်သည်းဆဟာ ပုံနှိပ်ရာမှာ အသုံးပြုတဲ့ အဆင့်မြင့်ဆုံး ပုံထွက်သိပ်သည်းဆနဲ့ တူညီတယ်လို့ဆိုပါတယ်။ ဒါဟာ အမှန်တကယ်တော့ လူသားတွေရဲ့ မျက်လုံးများဟာ 300 ppi ထက် ပိုများတဲ့ သိပ်သည်းဆကို မြင်နိုင်စွမ်း မရှိဘူးဆိုတဲ့ အချက်ကို တန်ပြန်လိုက်တဲ့ အဆိုပဲ ဖြစ်ပါတယ်။ ကြည်လင်မယ်၊ ပြတ်သားမယ်၊ ထူးထူးခြားခြား ကောင်းမွန်မယ်ဆိုတာတော့ သေချာပါတယ်။


G3 ရဲ့ ကိုယ်ထည်ဟာ ၈.၉ မီလီမီတာ ရှိပါတယ်။ ဒါဟာ ထူတယ်လို့ ယူဆနိုင်ပေမယ့် နောက်ကျောပြင်ကို ကွေးညွှတ်ပုံစံ ဖန်တီးထားတာကြောင့် လက်ထဲမှာ ကိုင်တွယ်အသုံးပြုရတာ အဆင်ပြေပါလိမ့်မယ်။ ဖုန်းရဲ့ နောက်ကျောပြင် (အဖုံး) ဟာ သတင်းများ ထွက်ပေါ်နေသလို သတ္တုနဲ့ ပြုလုပ်ထားခြင်း မရှိပဲ Metallic Skin လို့ ခေါ်တဲ့ ပလတ်စတစ် (Polycarbonate) ပေါ် သတ္တုအလွှာပါး ဖုန်းအုပ်ကာ ဖန်တီးထားပါတယ်။ ခြစ်ရာ၊ ပွန်းပဲ့ရာကို ခံနိုင်စွမ်း ရှိပေမယ့် G Flex ကဲ့သို့ အနာအဆာကို ပြုပြင်ပေးတဲ့ Self-Healing အလွှာပါးတော့ မပါပါဘူး။

စွမ်းဆောင်ရည် ပိုင်းမှာတော့ အခြားထိပ်တန်း စမတ်ဖုန်းတွေနဲ့ ကြီးမားတဲ့ ကွာခြားမှု မရှိပါဘူး။ Android 4.4 ကို အသုံးပြုထားပြီး Qualcomm Snapdragon 801 နောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းထားပါတယ်။ 16GB သိုမှီးမှုပမာဏရှိတဲ့ G3 ကို 2GB RAM နဲ့ တွဲဖက်ပေးထားပြီး 32GB သိုမှီးမှုပမာဏနဲ့ G3 ကို ဝယ်ယူသူများကတော့ 3GB RAM ဗားရှင်းကို ရရှိမှာ ဖြစ်ပါတယ်။ ကနဦး စမ်းသပ်ချက်အရတော့ 2GB မော်ဒယ်ဟာ App များဖွင့်ခြင်း Menu များ ပြောင်းရွှေ့ခြင်းကို လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်ပြီး မူရင်း (Stock) Android ထည့်သွင်းထားတဲ့ Nexus 5 နဲ့ စွမ်းဆောင်ရည်ခြင်း တူညီနေပါတယ်။.

LG G3 ရဲ့ User Interface ဟာ လွန်စွာမှ ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူပါတယ်။ ဆွဲဆောင်မှုလည်းရှိပြီး မူရင်း Android နီးနီးစပ်စပ် တူညီနေပါတယ်။ ဒါ့ကြောင့်လည်း G3 ကို အခြေခံပြီး Nexus 6 ထွက်ရှိလာမယ်လို့ လေ့လာသူများက ထင်ကြေးပေးနေကြတာပါ။ Keyboard ဟာလည်း G2 Keyboard ထက် ရှင်းလင်းမြင်သာပါတယ်။

G3 ရဲ့ နောက်ကျောပြင် ကင်မရာဟာ 13MP ရှိပြီး ထူးခြားချက် အနေနဲ့ လေဆာသုံး Autofocus ထည့်သွင်းပေးထားပါတယ်။ ဒီနည်းပညာကြောင့် G3 ရဲ့ ကင်မရာဟာ ဓာတ်ပုံရိုက်ကူးရာမှာ Focus ချိန်ဖို့ ၀.၂၇၆ စက္ကန့်သာ ကြာမြင့်ပါတယ်။ ဒါဟာ မျက်စိတစ်မှိတ်ထက် ပိုမိုမြန်ဆန်ပါတယ်။ ရှေ့ဖက် Selfie ကင်မရာကတော့ 2.1 MP သာ ရှိသော်လည်း 5MP ရှိတဲ့ တရုတ်လုပ် စမတ်ဖုန်း (Oppo နဲ့ OnePlus) တို့ထက် သာလွန်တယ်လို့ ဆိုပါတယ်။

LG G3 ဟာ ကျွန်တော်တို့ အားလုံးကို အံ့အား သင့်စေခဲ့ပါပြီ။ အကောင်းဆုံး Android စမတ်ဖုန်း တစ်လုံးအဖြစ်တောင် သတ်မှတ်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ရင်သပ်ရှုမော်ဖွယ်ရာ ပုံစံဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်၊ ကြီးမားပြီး စံချိန်တင် ပုံထွက်နှုန်း ရရှိနိုင်မယ့် မျက်နှာပြင်၊ ရှင်းလင်းတဲ့ User Interface နဲ့ ကမ္ဘာပထမဆုံးသော လေဆာထောက်ကူပြု ကင်မရာတို့ဟာ G3 ရဲ့ ကောင်းမွန်တဲ့ ထူးခြားတဲ့ အချက်တွေပါပဲ။ LG အနေနဲ့ G3 ကို “ထိပ်တန်း” စမတ်ဖုန်းအဖြစ် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment