Cloud ဆိုတာဘာလဲ
စာဖတ်သူဟာ
cloud, cloud computing နဲ့ cloud storage စတဲ့အသုံးအနှုန်းတွေကို
ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ Cloud ဆိုတာကို အခြေခံအားဖြင့်
အင်တာနက်လို့ဆိုနိုင်ပါတယ်။
ပိုမိုရှင်းလင်းစွာ
အနက်အဓိပ္ပာယ်ဖွဲ့ရမယ်ဆိုရင်တော့ cloud ဆိုတာဟာ အင်တာနက်ပေါ်ကနေ
အဝေးထိန်းစနစ်နဲ့သုံးနိုင်တဲ့ အရာအားလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ Cloud
မှာရှိတဲ့အရာတွေဆိုတာကတော့ ကွန်ပျူတာအစား အင်တာနက်ပေါ်မှာရှိတဲ့ ဆာဗာတွေမှာ
သိုလှောင်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ ၎င်းဟာ calendar, email, file စတာတွေကို
အင်တာနက်ဆက်သွယ်မှုရှိရုံနဲ့ မည်သည့်ကွန်ပျူတာပေါ်ကနေမဆို
အသုံးပြုနိုင်စေပါတယ်။ အကယ်လို့စာဖတ်သူဟာ web အခြေခံ email ကို
အသုံးပြုလေ့ရှိတယ်ဆိုရင် cloud ကိုအသုံးပြုပြီးသားဖြစ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ စာဖတ်သူရဲ့ Inbox ထဲမှာရှိတဲ့ email အားလုံးကို
ဆာဗာပေါ်မှာ သိုလှောင်သိမ်းဆည်းထားခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့
အခြားဝန်ဆောင်မှုများဟာ cloud ကို ကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့
အသုံးပြုကြပါတယ်။ ဥပမာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-
Cloud storage ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Dropbox ဟာ ဖိုင်တွေကို
အလွယ်တကူသိုလှောင်သိမ်းဆည်းထားနိုင်ပြီး အခြားသူများထံကိုလည်း
ဖိုင်တွေဝေမျှခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီဖိုင်တွေကို
မိုဘိုင်းထုတ်ကုန်တွေပေါ်ကလည်း အသုံးပြုနိုင်ပါတယ်။
- Evernote ကတော့
ရေးမှတ်ထားတဲ့မှတ်စုများ၊ ဖြတ်ထားတဲ့ ၀က်ဘ်စာမျက်နှာများနဲ့
ရိုက်ထားတဲ့ဓာတ်ပုံများကို ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်တွေပေါ်မှာ
စနစ်တကျစုစည်းထားပေးနိုင်ပါတယ်။
- Mozy နဲ့ Carbonite ကတော့
ကွန်ပျူတာမှ အချက်အလက်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနဲ့
ခိုးယူခံရခြင်းတို့အတွက် အချက်အလက်တွေကို အလိုအလျောက် back up
လုပ်ပေးနိုင်ပါတယ်။
Cloud ကို ဘာကြောင့်သုံးရတာလဲ
Cloud
ကို အသုံးပြုရခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမဲ့
အဓိကအကြောင်းပြချက်ကတော့ အဆင်ပြေမှုရှိခြင်းနဲ့
ယုံကြည်စိတ်ချရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖိုင်တစ်ခုကို
သယ်ဆောင်သွားလိုတဲ့အခါမှာ အဲ့ဒီဖိုင်ကို USB flash drive, external hard
drive ဒါမှမဟုတ် CD-R disc တွေမှာ ထည့်သွင်းသိမ်းဆည်းပြီးမှ
သယ်ဆောင်ရပါတယ်။ Cloud ပေါ်မှာ ဖိုင်ကိုသိမ်းဆည်းတဲ့အခါမှာတော့ မည်သည့်
physical media မှမလိုအပ်ဘဲ အင်တာနက်ဆက်သွယ်မှုရှိတဲ့
မည်သည့်ကွန်ပျူတာကနေမဆို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး cloud ဟာ
ဖိုင်တစ်ခုကို စာဖတ်သူရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေထံ
ဝေမျှခြင်းအတွက် အလွယ်တကူပြုလုပ်ပေးနိုင်တာကြောင့် အင်တာနက်ပေါ်ကနေ
ပူးပေါင်းဆောင်ရွက်ခြင်းကို ပြုလုပ်စေနိုင်မှာဖြစ်ပါတယ်။
Web Apps ဆိုတာ ဘာလဲ
Web
applications လို့လည်းခေါ်ဆိုနိုင်တဲ့ Web Apps ဆိုတာကတော့ ကွန်ပျူတာပေါ်မှာ
install လုပ်စရာမလိုဘဲ cloud ပေါ်မှာအသုံးပြုနိုင်တဲ့ applicatoin
များဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ cloud apps လို့လည်း ခေါ်ဆိုပါတယ်။ Web Apps
ဥပမာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။Online Email Services: Yahoo!
Mail နဲ့ Gmail ကဲ့သို့သော ၀န်ဆောင်မှုများဟာ browser အတွင်းမှ
အသုံးပြုနိုင်ပြီး ၎င်းတို့ဟာ Microsoft Outlook လိုမျိုး email program
တွေကဲ့သို့ တူညီစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ အဆိုပါ
အွန်လိုင်းအီးမေးလ်ဝန်ဆောင်မှု (online email service)
တွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုလိုတဲ့ online email service တစ်ခုကို
sign up ပြုလုပ်ပြီးတာနဲ့ installation လုပ်စရာမလိုဘဲ
ချက်ချင်းအသုံးပြုနိုင်ပါတယ်။ အဆိုပါ email တွေကို
ကွန်ပျူတာပေါ်သိမ်းဆည်းထားရမယ့်အစား cloud ပေါ်မှာသာ
သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ Google: Google Docs ဟာလည်း browser
အတွင်းမှာအသုံးပြုနိုင်တဲ့ office suite တစ်ခုဖြစ်ပါတယ်။ Microsoft Office
နဲ့အလွန်တူညီပြီး document များ၊ spreadsheet များနဲ့ presentation
များစတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ အဆိုပါ document တွေကို cloud
ပေါ်မှာ သိုလှောင်သိမ်းဆည်းနိုင်ပြီး တခြားသူတွေထံကိုလည်း
အလွယ်တကူဝေမျှနိုင်ပါတယ်။ Facebook: Facebook ဆိုတာကတော့ online profile
တစ်ခုဖန်တီးပြီး သူငယ်ချင်းများနဲ့ အပြန်အလှန်ချိတ်ဆက်နိုင်စေမယ့် social
network site တစ်ခုဖြစ်ပါတယ်။ Profile များနဲ့
သတင်းအချက်အလက်ဖလှယ်ခြင်းများကို အဆက်မပြတ်ပြုလုပ်နိုင်ပြီး web app
နည်းပညာများကိုအသုံးပြုထားတဲ့အတွက် site တစ်ခုလုံးရှိ
နောက်ဆုံးပေါ်အချက်အလက်တွေကိုရယူနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းများနဲ့ အခြား
web app များကိုလည်း အသုံးပြုသူရဲ့ Facebook profile
မှာထည့်သွင်းထားနိုင်ပါတယ်။ Web app တွေကို ၀က်ဘ်ဆိုက် (website) များမှာ
ပိုမိုထည့်သွင်းအသုံးပြုလာတာနဲ့အမျှ web application နဲ့
သာမန်ဝက်ဘ်ဆိုက်တို့အကြား ခွဲခြားသိမြင်မှုကလည်း ပိုမိုခက်ခဲလာပါတယ်။
အများစုမှာတော့ အသုံးပြုသူဟာ web application ကို သတိမမူဘဲ
အသုံးပြုနေမိတတ်ပါတယ်။
Web apps ဘယ်လိုအလုပ်လုပ်သလဲ
Web
app တစ်ခုကိုအသုံးပြုတဲ့အခါမှာ ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်ပေါ်ကနေ
ပြုလုပ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ ဆာဗာတွေရှိတဲ့ ကွန်ရက်တစ်ခုကြောင့်သာ
လုပ်ဆောင်ချက်ပြီးဆုံးခြင်းဖြစ်ပါတယ်။ အဲ့ဒီဆာဗာတွေဟာ
ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လုပ်ဆောင်ချက်အားလုံးကို
ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့
အချက်အလက်သိုလှောင်ခြင်းနဲ့ အခြားအသုံးပြုသူများရဲ့ အချက်အလက်တွေကို
သိုလှောင်ခြင်းအတွက် အထူးပြုလုပ်ထားတဲ့ဆာဗာတွေကို အသုံးပြုကြပါတယ်။
လုပ်ဆောင်ချက်အားလုံးကို အထစ်အငေါ့မရှိဘဲ ချောမွေ့စွာပြုလုပ်နိုင်တဲ့အတွက်
ကွန်ပျူတာပေါ်မှာ application တွေကို အသုံးပြုသလိုမျိုးကဲ့သို့
ပြုလုပ်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ document တစ်ခုကို Google Docs
နဲ့ဖွင့်လိုက်တဲ့အခါမှာ စာဖတ်သူအသုံးပြုတဲ့ web browser ဟာ အဲ့ဒီ document
ကိုဖွင့်ဖို့အတွက် ဆာဗာတွေရဲ့ ကွန်ရက်ကိုချိတ်ဆက်ပါတယ်။ ယင်း document ကို
ပြင်ဆင်တဲ့အခါမှာလည်း browser ဟာ ဆာဗာတွေနဲ့ ဆက်သွယ်လုပ်ဆောင်ပြီး
အရာအားလုံး up-to-date ဖြစ်အောင်ပြုလုပ်ပါတယ်။
ရေးသားသူ - ဘမ္ဘီ
Saturday, September 6, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment