Thursday, September 11, 2014
Sony Xperia Z3
Sony ဟာ လွန်ခဲ့တဲ့ ၆ လ ကျော်ကျော်ကမှ Xperia Z2 ကို မိတ်ဆက်ပွဲထုတ်ပြီး လူအများကို စိတ်လှုပ်ရှားစေ ခဲ့တာပါ။ ၆ လပါ။ Sony ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ Xperia Z3 ကို IFA နည်းပညာပြပွဲမှာ မိတ်ဆက်ပွဲထုတ် ခဲ့ပြန်ပါတယ်။ Sony က ဖုန်းတွေကို ၆ လ တစ်ကြိမ် အဆင့်မြှင့်တင်မှု လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ ကတိအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ၆ လဆိုတဲ့ အချိန်ကာလအတွင်းမှာ Z2 နဲ့ Z3 တို့ရဲ့ ကွဲပြားခြားနားမှုက အသေအချာကြည့်မှ အဖြေရှာသိရမယ့် အခြေအနေကို ရောက်လာပါတယ်။
တော်ပါသေးတယ်။ Z2 ဟာ ထိပ်တန်း စမတ်ဖုန်း စာရင်းဝင် မဖြစ်ခဲ့လို့ Sony ဟာ Z3 ကို အခြား ထိပ်တန်း စမတ်ဖုန်းတွေနဲ့ ယှဉ်နိုင်အောင် စွမ်းဆောင်ရည်ပိုင်း အဆင့်မြှင့်တင်မှုနဲ့ လုပ်ဆောင်ချက် အသစ်အချို့ကို ထည့်သွင်းဖန်တီး နိုင်ခဲ့ပါတယ်။
Z3 ဟာ Sony ရဲ့ OmniBalance လို့ခေါ်တဲ့ ဒီဇိုင်းအတွေးအခေါ်ကို ဆက်လက်အသုံးပြုပြီး Z3 ကို ပိုမိုကောင်းမွန်အောင် ဖန်တီးထားပေမယ့် Z2 နဲ့ Z3 ရဲ့ ပုံစံဒီဇိုင်းပိုင်း ကွာခြားမှုကတော့ မပြောပလောက်ပါဘူး။ ထုံးစံအတိုင်း ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဖက်ခြမ်း တွေဟာ အဆင့်မြင့် ဖန်သားပြင်ဖြစ်ပြီး ဘေးဘောင်ကတော့ အလူမီနီယံဖြစ်ပါတယ်။ ဖုန်းရဲ့ အလေးချိန်က ၄.၄ အောင်စရှိပြီး အထူ ၇.၃ မီလီမီတာ ရှိပါတယ်။ လက်ထဲ ကိုင်တွယ်အသုံးပြုရတာ လွယ်ကူအဆင်ပြေပါတယ်။
မျက်နှာပြင် အရွယ်အစား ၅.၂ လက်မနဲ့ ပုံထွက်နှုန်း 1920 x 1080 pixels ရှိပါတယ်။ Sony ရဲ့ မူပိုင်ဖြစ်တဲ့ Triluminos Display နည်းပညာဟာ တောက်ပပြီး အရောင်အသွေး စိုပြေတဲ့ ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။
အတွင်းပိုင်းမှာတော့ 2.5 GHz Snapdragon 801 ပရော်ဆက်ဆာ၊ 3GB RAM နဲ့ Android 4.4 KitKat တို့ကို ထည့်သွင်းပေးထားပါတယ်။ 4G LTE ကွန်ယက်ချိတ်ဆက်မှု စနစ်လည်း ပါရှိလာပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာတော့ အခြား Flagship စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာ Z2 နဲ့ Z3 ဘာတွေ ကွာခြားလည်းလို့ မေးလာစရာ ရှိလာပါတယ်။ RAM ပိုများလာတယ်။ ပရော်ဆက်ဆာက မသိမသာ ပိုမြန်လာတယ်။ တပ်ဆင်ထားတဲ့ 20.7 MP ကင်မရာမှာ ပိုမိုမြင်ကွင်းကျယ်တဲ့ 25mm မှန်ဘီလူးကို တပ်ဆင်ပေးထားတယ်။ ISO ပမာဏကိုလည်း 2800 ထိ မြှင့်တင်ပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များလည်း ထည့်သွင်းပေးထားပါတယ်။ ကွာခြားချက်တွေ အများကြီးပါပဲ။
ဒါပေမယ့် ဆိုလိုချင်တာက ထိပ်တန်းစမတ်ဖုန်း တစ်လုံးအနေနဲ့ မျိုးဆက်သစ်တစ်ခု ထွက်ရှိလာတဲ့အခါ မျိုးဆက်ဟောင်းကို အခြေခံပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံဒီဇိုင်း၊ စွမ်းဆောင်ရည် ဒါမှမဟုတ် လုပ်ဆောင်ချက်အချို့ ပါရှိလာလေ့ ရှိပါတယ်။ Z2 နဲ့ Z3 ကတော့ ကားအသစ် ဝယ်မယ့်အစား ကားအဟောင်းကို ပြင်ဆင်မွမ်းမံပြီး ပြန်သုံးတာနဲ့ ဆင်နေပါတယ်။ ဒါပေမယ့် Z2 ကော ယခု Z3 ပါ အဆင့်မြင့်တဲ့ စမတ်ဖုန်းတွေ ဖြစ်တယ်ဆိုတာ ငြင်းဖို့မရှိပါဘူး။ Sony ရင်ဆိုင်ရမယ့် အဓိက ပြဿနာကတော့ Z3 အနေနဲ့ Samsung၊ LG နဲ့ HTC တို့ရဲ့ Flagship စမတ်ဖုန်းတွေကို ဘယ်လိုရင်ဆိုင် ယှဉ်ပြိုင်မလဲ ဆိုတာပါပဲ။
Xperia Z3 ကို ယခုနှစ်ကုန်ပိုင်းမှာ ဈေးကွက်ထဲ ဖြန့်ချိသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရှိရသေးပါဘူး။
Credit:Myanmar Comsumer Guide
Labels:
ဖုန်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment